တုန်ယင်လှိုက်လှဲ

တုန်ယင်လှိုက်လှဲ
(
ကဗျာဆရာ မိုးဝေး၏ အသက်ဇီဝပုံစံသစ်မှ )

ရွာထဲကို မိုးဦးကျ ဒုက္ခတွေတဖွဲဖွဲ ဝင်ရောက်လာချိန်
နွားတင်းကုတ်လေးထဲမှာ မီးခိုးတွေ တအူအူတက်
အဖေ...ခြင်မီးခိုးထည့်နေတာလား
မနက်ဖန်ဆို သားမြို့ကိုသွားရတော့မယ်အဖေ၊

မြို့မှာ ဘာရှိသလဲ
သား မသိဘူး အဖေ
မြို့ဟာ ပျော်စရာကောင်းသလား
မြို့မှာ ကျောင်းသွားနေရင် သားပညာတတ်မှာလား
မေမေ့ကို မလွမ်းတတ်တော့ရင် ဘယ်လိုလုပ်မလဲ အဖေ။

ရွာကလေးကလည်း တစ်စစီကွဲလို့ အိုနေပါပြီတဲ့
အဖေက သူ့တောတိုးအင်္ကျီနောက်ကျောကို လှန်ပြတယ်
ဆားပွင့်တွေ အဖေရယ်
အဖေဟာ ပင်လယ်လား
ရွာကလေးတစ်ရွာက ကိုင်းသမားတစ်ယောက်လား။

နွားတွေခြင်ကိုက်နေသလား
နွားတင်းကုတ်လေးဖက်က အသံတွေကြားတယ်အဖေ
သားအိပ်လို့မရဘူး
ဘယ်နှစ်နာရီထိုးပြီလဲ မနက်လေးနာရီလား
မြို့ကိုသွားမယ့် မော်တော်တွေ လာပြီလား။

အဖေ နောက်ဖေးခန်း မီးခွက်မှိန်မှိန်လေးထဲက
ထွက်ထွက်လာနေတယ် ဘာလဲ.....
မေမေ့ရှိုက်သံတွေလား။

ကလျာမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၁၉၉၉

0 comments: